၂၀၂၃ ခုနှစ် သားအိမ်ခေါင်းကင်ဆာပပျောက်ရေး လှုပ်ရှားမှုနေ့အထိမ်းအမှတ်
သားအိမ်ခေါင်းကင်ဆာပပျောက်ရေးအတွက် ကြိုးပမ်းအားထုတ်မှုများ တတိယနှစ်တိုင်ခဲ့ပြီ
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အရှေ့တောင်အာရှ ဒေသဆိုင်ရာရုံးမှ Regional Director, Dr Poonam Khetrapal Singh ထံမှ သတင်းစကား
၂၀၂၀ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ ကင်ဆာစောင့်ကြည့်ရေး အစီရင်ခံစာ အရ ၂၀၂၀ ခုနှစ်အတွင်း၌ အရှေ့တောင်အာရှဒေသတွင် သားအိမ်ခေါင်းကင်ဆာအသစ်ဖြစ်ပွားမှုပေါင်း နှစ်သိန်းခန့် (ကမ္ဘာတစ်ဝှမ်းဖြစ်ပွားမှု၏ ၃၂ရာခိုင်နှုန်း)နှင့် သားအိမ်ခေါင်းကင်ဆာကြောင့် သေဆုံးသူ တစ်သိန်းခန့် (ကမ္ဘာတစ်ဝှမ်း သေဆုံးမှု၏ ၃၄ ရာခိုင်နှုန်း) ရှိကြောင်းတွေ့ရပါသည်။ ၂၀၂၀ ခုနှစ်၊ နိုဝင်ဘာလတွင် ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ သားအိမ်ခေါင်းကင်ဆာပပျောက်ရေးအတွက် ကမ္ဘာလုံးဆိုင်ရာမဟာဗျူဟာကို ရေးဆွဲချမှတ်ခဲ့ပါသည်။ ထိုအချိန်မှစ၍ အဖွဲ့ဝင်နိုင်ငံများသည် နိုင်ငံအဆင့် သားအိမ်ခေါင်းကင်ဆာပပျောက်ရေး မဟာဗျူဟာများကို အသီးသီး ရေးဆွဲ အကောင်အထည်ဖော်ခဲ့ကြသည်။ မဟာဗျူဟာ၏ အောက်ပါ ကြားဖြတ်ရည်မှန်းချက် (၃) ရပ်မှာလည်း အလားအလာ ကောင်းမွန်လှပါသည်။
၁။ အသက် (၁၅) နှစ်အထက်မိန်းကလေးအားလုံး၏ ၉၀ ရာခိုင်နှုန်းအား အိတ်ချ်ပီဗီကာကွယ်ဆေးထိုးနှံပေးရန်၊
၂။ အမျိုးသမီးအားလုံး၏ ၇၀ ရာခိုင်နှုန်းသည် အသက် (၃၅) နှစ်မတိုင်မှီ သားအိမ်ခေါင်းကင်ဆာရှိ၊မရှိ တစ်ကြိမ်စစ်ဆေးပြီးဖြစ်ရန်နှင့် အသက် (၄၅) နှစ်မတိုင်မှီတွင် နောက်တစ်ကြိမ် စစ်ဆေးပြီးဖြစ်ရန်၊
၃။ သားအိမ်ခေါင်းကင်ဆာရှိသော အမျိူးသမီးအားလုံး၏ ၉၀ ရာခိုင်နှုန်းအား ကုသမှုရရှိရန် (သားအိမ်ခေါင်းကင်ဆာအကြိုအဆင့်ရှိသော အမျိူးသမီးအားလုံး၏ ၉၀ရာခိုင်နှုန်းနှင့် သားအိမ်ခေါင်းကင်ဆာဝေဒနာရှင် အမျိုးသမီးအားလုံး၏ ၉၀ ရာခိုင်နှုန်းတွင် ကုသမှုရရှိရန်) တို့ဖြစ်ပါသည်။
အဖွဲ့ဝင်နိုင်ငံများသည် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်း၊ စစ်ဆေးခြင်းနှင့် ကုသခြင်းလုပ်ငန်းလုပ်ဆောင်ရာတွင် ထူးခြားသော တိုးတက်မှုများ ရှိကြောင်းတွေ့ရသည်။ “ကဏ္ဍစုံမူဝါဒများနှင့် အစီအမံများဖြင့် မကူးစက်နိုင်သောရောဂါများကို ကာကွယ်ခြင်းနှင့် ထိန်းချုပ်ခြင်း” ဆိုင်ရာ ဦးစားပေးအစီအစဉ်အောက်တွင် အကောင်းဆုံးဝယ်ယူမှုများ ‘Best Buys’ များအား အထူးပြုဆောင်ရွက်ရာတွင် သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းသည်လည်း ‘Best Buy’ တစ်ခုပင်ဖြစ်ပါသည်။
ပြီးခဲ့သော (၃) နှစ်အတွင်း အရှေ့တောင်အာရှ ဒေသသည် သားအိမ်ခေါင်းကင်ဆာ ပပျောက်ရေးလမ်းပြမြေပုံ (roadmap) ၌ မှတ်တိုင်များစွာ စိုက်ထူခဲ့ပြီးဖြစ်သည်။ ယင်းမှတ်တိုင်များအနက် အောက်ပါ မဟာဗျူဟာမူဘောင်များ ကို ပြုစုရေးဆွဲ အကောင်အထည်ဖော်ခဲ့ပြီးဖြစ်ပါသည်။
- ဒေသတွင်း အကောင်အထည်ဖော်ရေးမူဘောင် (Regional Implementation Framework) - (၂၀၂၁ - ၂၀၃၀) ခုနှစ်အတွင်း သားအိမ်ခေါင်းကင်ဆာအပြီးတိုင် ပပျောက်ရေးအား ပြည်သူ့ကျန်းမာရေး ပြဿနာအဖြစ်သတ်မှတ်ရန် ပြီးပြည့်စုံသော အစီအစဉ်
- ဒေသလုံးတွင်း ကာကွယ်ဆေး လှုပ်ရှားမှု အစီအစဉ် (Regional Vaccine Action Plan) (၂၀၂၂ - ၂၀၃၀)
- မကူးစက်နိုင်သော ရောဂါများဆိုင်ရာ အကောင်အထည်ဖော်ရေး လမ်းပြမြေပုံ (NCD Implementation Roadmap) – (၂၀၂၂ -၂၀၃၀)
- လိင်မှုနှင့်မျိုးဆက်ပွားကျန်းမာရေးကို အားလုံးလက်လှမ်းမှီရယူနိုင်ရန် အရှိန်အဟုန်မြှင့်တင်ရေး ဒေသတွင်း မဟာဗျူဟာမူဘောင် (Regional Strategic Framework) (၂၀၂၀ - ၂၀၂၄)
အရှေ့တောင်အာရှဒေသသည် သားအိမ်ခေါင်းကင်ဆာပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ မဟာဗျူဟာလမ်းညွှန်ချက်နှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နိုင်မည့် မူဘောင်ချမှတ်ဖော်ဆောင်ရာတွင် ရှေ့ဆောင် ဒေသတစ်ခုလည်းဖြစ်ပါသည်။
ယနေ့အချိန်တွင် ဒေသအတွင်းရှိ အဖွဲ့ဝင် (၆) နိုင်ငံ (ဘူတန်၊ အင်ဒိုနီးရှား၊ မြန်မာ၊ သီရိလင်္ကာနှင့် ထိုင်းနိုင်ငံ) ၌ နိုင်ငံလုံးဆိုင်ရာ အိတ်ချ်ပီဗီကာကွယ်ဆေး အစီအစဉ်များကို စတင်ခဲ့ပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံ Sikkim ပြည်နယ်နှင့် ဘင်းဂလားဒေရှ့် နိုင်ငံ ဒါကာ ပြည်နယ်တို့တွင် ပြည်နယ်အဆင့် အစီအစဉ်များကို ဖော်ဆောင်ခဲ့ကြပြီး နီပေါနှင့် တီမောနိုင်ငံတို့သည် ၂၀၂၃-၂၀၂၄ ခုနှစ်တို့တွင် စတင်ရန်စီစဉ်ထားရှိပြီးဖြစ်သည်။ အိန္ဒိယနိုင်ငံသည်လည်း အိတ်ချ်ပီဗီကာကွယ်ဆေး အစီအစဉ်များကို အခြားသော ပြည်နယ်များသို့ တိုးချဲ့သွားရန် စီစဉ်ထားပါသည်။ (၂၀၁၇) ခုနှစ်မှ စတင်၍ ဘူတန်နိုင်ငံ၏ မိန်းကလေးများအကြား အိတ်ချ်ပီဗီကာကွယ်ဆေး လွှမ်းခြုံမှုမှာ တိုးတက်လျက်ရှိသည်။ ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း၌ ဒေသတွင်းရှိ အချို့သောနိုင်ငံများမှာ အိတ်ချ်ပီဗီကာကွယ်ဆေး အစီအစဉ်များလုပ်ဆောင်ရာတွင် အခက်အခဲများတွေ့ကြုံခဲ့ကြရသည်။ ၎င်းတို့အနေဖြင့်လည်း အရှိန်ဟုန်မြှင့် (catch-up) ကာကွယ်ဆေးထိုး အစီအစဉ်များကိုအမှီလုပ်ဆောင်လျက်ရှိပါသည်။ ထို့အပြင် ဒေသတွင်းရှိ အချို့နိုင်ငံများတွင် ဆေးနှစ်ကြိမ်ထိုး (two-dose schedule) ရမည့်အစား ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ ထောက်ခံအကြံပြုထားသော တစ်ကြိမ်သာထိုးရန်လိုသည့် (one-dose schedule) ကိုလည်း စတင်အသုံးပြုနေကြပြီဖြစ်သည်။
သားအိမ်ခေါင်းကင်ဆာ ရှိ၊မရှိ စစ်ဆေးခြင်းတွင် ဒေသတွင်းရှိ (၁၁) နိုင်ငံအနက် (၁၀) နိုင်ငံတွင် နိုင်ငံအဆင့် လူထုအခြေပြု ကနဦးစစ်ဆေးခြင်း (population based screening) အစီအစဉ်များ လုပ်ဆောင်နေကြောင်း သိရပါသည်။ ၎င်းတို့အနက် (၉) နိုင်ငံတွင် စောစီးစွာ ရောဂါရှာဖွေရေး ဝန်ဆောင်မှုများကို အခြေခံကျန်းမာရေး စောင့်ရှောက်မှုအဆင့်တွင်ပင် လုပ်ဆောင်နိုင်ကြကြောင်းတွေ့ရသည်။ သားအိမ်ခေါင်းကင်ဆာဖြစ်စေသော အိတ်ချ်ပီဗီ (HPV) DNA ရှိမရှိ စစ်ဆေးခြင်း လုပ်ငန်းများမှာတွင်လည်း တိုးတက်များမြင်တွေ့ရပြီး အထူးသဖြင့် ဘူတန်နိုင်ငံနှင့် ထိုင်းနိုင်ငံတို့တွင် ပိုမိုအသုံးပြုလျက်ရှိပါသည်။ သို့ရာတွင် သက္ကရာဇ် (၂၀၃၀) တွင် ၇၅ ရာခိုင်နှုန်း စစ်ဆေးမှုရရှိရန်အတွက်မူ စဉ်ဆက်မပြတ် အားထုတ်မှုများ လိုအပ်နေပါသည်။ ကောင်းမွန်သော အချက်တစ်ခုမှာ အဖွဲ့ဝင်နိုင်ငံအများအပြား၏ အခြေခံကျသည့် မရှိမဖြစ် ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများ (essential service package) သို့မဟုတ် အားလုံးလွှမ်းခြုံ ကျန်မာရေးစောင့်ရှောက်မှု (UHC packages) များတွင် သားအိမ်ခေါင်းကင်ဆာ ရှိမရှိ စစ်ဆေးသည့်လုပ်ငန်းများ ပါဝင်နေခြင်းဖြစ်ပါသည်။
အဖွဲ့ဝင်နိုင်ငံအများအပြားတွင် colposcopy နှင့် thermal ablation နည်းလမ်းများ အပါအဝင် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကို ကုသမှုပေးနိုင်သော စင်တာများ ဖွင့်လှစ်ကုသမှုပေးနေသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့အနေဖြင့် အရည်အသွေးမြှင့်တင်ရေးလုပ်ငန်းများနှင့် ကုသမှုဌာနများ ထူထောင်ရာတွင် အရေးကြီးသော အခန်းကဏ္ဏမှ ပံ့ပိုးလျက်ရှိပါသည်။ (၂၀၂၂-၂၀၂၃) ခုနှစ်အတွင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ တီမောနိုင်ငံတွင် နိုင်ငံအဆင့်ဆေးရုံ၌ colposcopy နှင့် thermal ablation နည်းလမ်းများဖြင့် သားအိမ်ခေါင်းကင်ဆာ အကြိုအဆင့်ကုသမှုပေးသည့် ပထမဆုံးသော ဌာနတစ်ခု ထူထောင်ရာတွင်လည်းကောင်း၊ ထပ်မံ၍ အခြားသော စင်တာ ၃ ခုတိုးချဲ့ဖွင့်လှစ်ရာတွင်လည်းကောင်း ပံ့ပိုးကူညီမှုများ ပြုလုပ်ခဲ့ပါသည်။ ဘူတန်နိုင်ငံနှင့် မြန်မာနိုင်ငံသို့လည်း အလားတူ ပံ့ပိုးမှုများ ပြုလုပ်ခဲ့ပါသည်။
အဖွဲ့ဝင် ၁၀ နိုင်ငံတွင် တတိယအဆင့် ကင်ဆာကုသမှုဌာနများရှိကြပြီး ကင်ဆာရောဂါဖော်ထုတ်ခြင်း၊ ဓာတုကုထုံးဖြင့်ကုသခြင်း၊ ကင်ဆာရောဂါ ခွဲစိတ်ကုသခြင်းကဲ့သို့သော ရောဂါဗေဒဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများကိုလည်း လုပ်ဆောင်နေကြပါသည်။ အဖွဲ့ဝင် ၉ နိုင်ငံတွင် ဓာတ်ရောင်ခြည်ကုထုံးဖြင့် ကုသပေးလျက်ရှိသည်။ ကမ္ဘာ့ကျန်းမာရေးအဖွဲ့သည် သားအိမ်ခေါင်းကင်ဆာ နာတာရှည်လူနာများအား ကုသမှုပေးခြင်းလုပ်ငန်းများကို တိုးချဲ့ရန် ရည်ရွယ်၍ South East Asia Cancer Grid (SEACanGrid) ကိုဖွဲ့စည်းခဲ့ပါသည်။ ယင်း platform မှ နိုင်ငံတစ်ခုနှင့် တစ်ခုအကြား အရည်အသွေးမြှင့်တင်ရာတွင် အသီးသီး၏ အားသာမှုများကို အသုံးပြု၍ ပံ့ပိုးပေးရန်ဖြစ်သည်။ အရှေ့တောင်အာရှဒေသတွင် ပဏာမကျန်းမာရေး စောင့်ရှောက်မှုနှင့် လူထုအခြေပြု နာတာရှည် ဝေဒနာရှင် စောင့်ရှောက်မှုလုပ်ငန်းများကို တိုးချဲ့လုပ်ဆောင်လျက်ရှိကြပြီး အထူးသဖြင့် ဘူတန်၊ အိန္ဒိယနှင့် သီရိလင်္ကာနိုင်ငံရှိလုပ်ငန်းများမှာ စံနမူနာပြု လုပ်ဆောင်ချက်များဖြစ်ကြပါသည်။ အဖွဲ့ဝင်နိုင်ငံ ၈ နိုင်ငံတွင် လူထု အခြေပြု ကင်ဆာစာရင်းများ (Population based cancer registries) အကောင်အထည်ဖော်လျက်ရှိကာ ပိုမိုအားကောင်းရန် အားထုတ်လျက်ရှိကြပါသည်။
အမျိုးသမီးအားလုံးအတွက် တတ်နိုင်၍ ထိရောက်သော သားအိမ်ခေါင်းကင်ဆာ ကာကွယ်ခြင်းနှင့် ကုသမှုလုပ်ငန်းများရရှိရန်မှာ ဦးစားပေးတစ်ခုအဖြစ်ရှိနေပါသေးသည်။ အဖွဲ့ဝင်နိုင်ငံ ၁၁ နိုင်ငံအနက် ၁၀ နိုင်ငံတွင် တတိယအဆင့် ကျန်းမာရေးဌာနများ၌ သားအိမ်ခေါင်းကင်ဆာ ရောဂါဖော်ထုတ်ခြင်းနှင့် ကုသမှုပေးခြင်းကဲ့သိုသော ရောဂါဗေဒဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများ (ခွဲစိတ်ကုသခြင်း၊ ဓာတုကုထုံးနှင့် ဓာတ်ရောင်ခြည်ကုထုံးများအပါအဝင်) လုပ်ဆောင်ပေးနေသော်လည်း လူတိုင်းလက်လှမ်းမှီ ရယူနိုင်သည်မဟုတ်ဘဲ အထူးသဖြင့် လူမှုစီးပွားချို့တဲ့သော အုပ်စုများအကြား လက်လှမ်းမှီရန် ပိုမိုခက်ခဲပါသည်။ ယင်းကို ဖြေရှင်းနိုင်ရန်အတွက် လူတိုင်းလက်လှမ်းမှီနိုင်သည့် ကျန်းမာရေး လွှမ်းခြုံမှုရှိရန်၊ ကျန်းမာရေး အသုံးစရိတ်ကြောင့် လူများ မွဲပြာကျမှုမဖြစ်စေရန်၊ ခိုင်မာသောကျန်းမာရေးစနစ်သည် အလွန်ပင် အရေးကြီးသည်။
ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် အခက်အခဲ အတားအဆီးများရှိခဲ့သော်လည်း အိတ်ချ်ပီဗီကာကွယ်ဆေး အစီအစဉ်များနှင့် သားအိမ်ခေါင်းကင်ဆာ စစ်ဆေးမှုလုပ်ငန်းစဉ်များအား ပြန်လည်စတင်ပြီး ပိုမိုအားကောင်းစေရန် ကြိုးပမ်းလုပ်ဆောင် လျက်ရှိပါသည်။
သားအိမ်ခေါင်းကင်ဆာသည် စောစီးစွာ ရှာဖွေဖော်ထုတ်နိုင်ပြီး လုံလောက်စွာ ကုသမှုပေးလျှင် ကာကွယ်ကုသနိုင်သောရောဂါဖြစ်ကြောင်း အလေးထားရန် အရေးကြီးပါသည်။ အဖွဲ့ဝင်နိုင်ငံများ၏ သားအိမ်ခေါင်းကင်ဆာပပျောက်ရေး ပဏာမခြေလှမ်း (Global Cervical Cancer Elimination Initiative) အတွက်ထားရှိသော ကတိကဝတ်နှင့် ထောက်ခံမှုများကို ကမ္ဘာ့ကျန်းမာရေးအဖွဲ့ အရှေ့တောင်အာရှရုံးမှ ၂၀၁၉-၂၀၂၂ အတွင်းကျင်းပခဲ့သော ဒေသတွင်းကော်မတီအစည်းအဝေးများ၏ အခန်းကဏ္ဍများနှင့် ဆွေးနွေးချက်များတွင် ဖော်ပြခဲ့ပြီးဖြစ်ပါသည်။
ကျွန်ုပ်တို့၏ စုပေါင်းအားများဖြင့် စိန်ခေါ်မှုများကို ရှာဖွေပြီး သားအိမ်ခေါင်းကင်ဆာပပျောက်ရေး ဘုံပန်းတိုင်ဆီသို့ ဦးတည်သွားကြပါစို့။
Statement in English language can be found at https://www.who.int/southeastasia/news/detail/17-11-2023-cervical-cancer-elimination-day-of-action-2023-ms